စိတ်ဖိစီးနေရင် စားပေးသင့်တဲ့ အစားအစာများ
အစားအသောက်ဆိုတာ လူနဲ့တည့်တယ်ဆိုတဲ့ စကားမျိုး ကြားဖူးကြမယ်ထင်ပါရဲ့။ တကယ်တမ်းမှာလည်း လူတစ်ယောက် ရှင်သန်နေထိုင်ဖို့အတွက် အစားအစာတွေကနေ ရရှိလာတဲ့ အာဟာရဓာတ်တွေက အရေးအပါဆုံးပဲမဟုတ်လား။
နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရတဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေနိုင်တဲ့ နည်းနာတွေထဲမှာလည်း အစားအစာတွေက အရေးပါတဲ့ နည်းလမ်းကောင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
လူတိုင်း စိတ်ပင်ပန်းတတ်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဆိုတာလည်း မကြာခဏကြုံရတတ်ပါတယ်။ စိတ်ပင်ပန်းမှုကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုဆိုတာက တစ်ခါဖြစ်ပြီးတာနဲ့ အကြိမ်ကြိမ်ပြန်ဖြစ်လာနိုင်တဲ့ အရာမျိုးပါ။ ဒီလိုမဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေ ကင်းနေဖို့အတွက် သင့်လျော်တဲ့ အစာအဟာရတွေ မှီဝဲပြီး ဒီဝေဒနာတွေကို လျော့ပါးအောင် ပြုလုပ်သင့်ပါတယ်။
သဘာဝတရားကြီးက လက်ဆောင်အဖြစ် ပေးအပ်ထားတဲ့ စိတ်ဖိစီးမှု လျော့ပါးသက်သာစေမယ့် အစားအစာတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
၁။ Matcha မှုန့်
Matcha မှုန့်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာပိုင်းလည်း ကောင်းမွန်ပါတယ်။ သူ့မှာ L-theanine လို့ခေါ်တဲ့ ပရိုတိန်းမျိုးနွယ်ဝင်မဟုတ်တဲ့ Amino acid တစ်မျိုးပါရှိနေပြီး ဒီဓာတ်က စိတ်ဖိစီးစေတဲ့ ဓာတ်တုပစ္စည်းတွေကို တိုက်ထုတ်ပေးပါတယ်။
၂။ ကန်စွန်းဥ
ကန်စွန်းဥကတော့ အာဟာရဓာတ်ကြွယ်ဝတဲ့ ဘက်စုံသုံး အစားအစာတစ်မျိုးပါ။ ကိုယ်အလေးချိန် လျှော့ချရေးမှာ အထောက်အကူပြုတဲ့ ကန်စွန်းဥရဲ့ Stress Hormone Cortisol လယ်ဗယ်ကို လျှော့ချပေးနိုင်စွမ်းက စိတ်ဖိစီးမှုကို တားဆီးပေးနိုင်ပါတယ်။
၃။ ကင်မ်ချီ
K Drama ချစ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ မုန်လာဖြူ၊ ဂေါ်ဖီထုပ်တို့လို ဟင်းသီးဟင်းရွက်တွေနဲ့ အချဉ်ဖောက်ထားတာမို့ Probiotics နဲ့ Antioxidants တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ကင်မ်ချီဟာ စိတ်ဖိစီးမှု နဲ့ ပူပင်သောကတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။
၄။ ဥအမျိုးမျိုး
အာဟာရဓာတ်အမျိုးမျိုးကြွယ်ကြွယ်ဝဝပါရှိနေတဲ့ ဥတွေကလည်း စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာပါပဲ။
၅။ အခွံမာရှိသည့် ရေနေသတ္တဝါများ
ကမာတို့၊ ခရုတို့၊ ဂုံးတို့လို အခွံမာသတ္တဝါတွေရဲ့ အသားကလည်း စိတ်အားတက်ကြွမှုကို မြှင့်တင်ပေးနိုင်တာမို့ စိတ်ဖိစီးမှု ကို တိုက်ထုတ်နိုင်ပြီး လိင်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ သူတို့မှာ ကြွယ်ဝစွာပါဝင်နေတဲ့ Taurine က ခုလို အကျိုးကျေးဇူးမျိုးရရှိအောင် ကူညီပေးတာပါ။
၆။ ပင်လယ်ငါးများ
Omega-3 Fatty Acid ကြွယ်ဝတဲ့ ပင်လယ်ငါးတွေဟာ ဗီတာမင် D လည်း ကြွယ်ဝတာမို့ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။
၇။ ကြက်သွန်ဖြူ
Sulfur Compounds ပါဝင်မှုများတဲ့ ကြက်သွန်ဖြူဟာ Glutathione လယ်ဗယ်မြင့်မားလာအောင် ကူညီပေးပါတယ်။ အဆိုပါ Antioxidant ဟာ စိတ်ဖိစီးမှုကို ကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံစစ်မှာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။
၈။ နေကြာစေ့
နေကြာစေ့က ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ ပျော်ဝင်လွယ်တဲ့ ဗီတာမင်အမျိုးအစားဖြစ်သလို အားကောင်းတဲ့ Antioxidant လည်းဖြစ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ကိစ္စအတော်များများမှာ အကူအညီပေးနိုင်ပါတယ်။
၉။ ဂေါ်ဖီစိမ်း
ဘရိုကိုလီ ဂေါ်ဖီစိမ်းလေးတွေဟာ ကင်ဆာ၊ နှလုံးရောဂါစတဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် လူသိများပါတယ်။ ဒါတင်မကပါဘူး ဒီဂေါ်ဖီမျိုးစိတ်လေးတွေက စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးတာကိုလည်း ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
၁၀။ ကုလားပဲ
ကုလားပဲမှာတော့ စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးနိုင်တဲ့ ဗီတာမင်ဓာတ်အမြောက်အများနဲ့ သက်စောင့်ဓာတ်တွေ ပါဝင်နေပါတယ်။ စိတ်ခံစားချက်ကောင်းမွန်အောင် အာရုံကြောတွေကို လှုံ့ဆော်နိုင်စွမ်းက သူတို့ရဲ့ အားသာချက်ပါပဲ။
ရေးသားသူ - ရဲဇွန်အောင်